ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား
" ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်ခဲ့၊ ကြိုးစားခဲ့သူတွေ ရှိပါတယ်"
ဂျာနယ်လစ်ဇင်ကို အထူးပြုပြီး ကျောင်းတက်ရောက်ခဲ့သူဖြစ်ပြီး ဂျာနယ်လစ်တစ်ယောက် ဘဝကိုလျှောက်လှမ်းခဲ့သူ တစ်ယောက်အတွက် အရာရာခပ်သိမ်းက အဆင်ပြေနေသည်ဟု ပြော၍ ရနိုင်မည်လား။
အသက် ၂၅ နှစ်ဝန်းကျင်ရှိ မတင်ရတနာထွန်းကို လွယ်ကူသောဘဝ လျှောက်လှမ်းလာရသူဟု ထင်မြင်မိကြပါလိမ့်မည်။ အမျိုးသားစီမံခန့်ခွဲမှုကောလိပ်မှာ ဂျာနယ်လစ်ဇင်ကို ၄ နှစ်တာ တက်ရောက်ခဲ့ပြီး မဟာဘွဲ့ပါရယူခဲ့သည့် သူက ဂျာနယ်လစ်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုသည်မှာ ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။
စာတွေ့၊ လက်တွေ့သင်ကြားပြီး လုပ်ငန်းခွင်အတွင်း ရောက်ရှိသည့်အခါ သတင်းအတွေ့အကြုံ အထိုက်အလျောက် ရှိပေမယ့် သူ့၏ ပထမဆုံး လုပ်ငန်းခွင် သတင်းအတွေ့အကြုံက ဆန်းသည်။
ပထမဆုံးသတင်း
ဒေါ်လာဈေးအတက်အကျသတင်းအတွက် အယ်ဒီတာက အဆိုင်းပေးသောအခါ ငွေလှဲလှယ်သည့် Money Changer တွေကို သွားရောက်စုံစမ်းခဲ့သည်။ ဝယ်ယူသူအနေဖြင့်ရော သတင်းထောက် အနေဖြင့်ရော မေးမြန်းသည့်အခါ သတင်းထောက်ဆိုလျှင် လုံးဝမဖြေသည့် အတွေ့အကြုံ ရလိုက်သည်။
ကျန်သတင်းအချက်ကို ဝယ်သူအနေဖြင့် မေးမြန်းခဲ့သည့်အချက်အလက်များဖြင့် ပြီးဆုံးကောင်းမွန် စွာ ရေးသားလိုက်သည်။ ပထမဆုံး သူတွေးမိသည်မှာ ဒါသည် ကျင့်ဝတ်နှင့် ညီရဲ့လား ဆိုသည်ပဲ ဖြစ်သည်။
မြန်မာတိုင်းမ်စာစောင်အင်္ဂလိပ်ပိုင်း၏ စီးပွားရေးသတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး သူ့မှာ ကံကောင်းသည်ရော၊ စိန်ခေါ်မှုရော တစ်ပြိုင်နက် ကြုံခဲ့သည်။ စိန်ခေါ်မှုက လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးမှုသိပ်မရှိခြင်း ဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းကိစ္စများအား သူများထက် ပိုတိုး၍ လုပ်ကိုင်ရသည်။ ပိုတိုး၍ ကြိုးစားရသည်။ အားသာလာသည်က ကိုယ့်ပရော်ဖက်ရှင်နယ်ကို ပိုကျွမ်းကျင်လာသည်။
ကံကောင်းသည်က သူ့၏ သတင်းရင်းမြစ်များနှင့် မေးမြန်းသည့်အခါတိုင်း လွယ်ကူအဆင်ပြေခြင်း၊ မျက်နှာသာပေးခံရခြင်း၊ ဂျာနယ်လစ်ဇင်ကျောင်းသူတစ်ယောက်ဖြစ်ခဲ့သည့်အတွက် ယုံကြည်စိတ်ချခြင်းများ ရှိသည်ဟု မတင်ရတနာထွန်းက ပြောသည်။
အခက်အခဲ
သူ လုပ်ငန်းခွင်ဝင်နေသည့်ကာလအတောအတွင်း လစာအတွက် စိတ်သောကရောက်ခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ လစာနည်းခြင်းသည် ရုံး၏ အခက်အခဲကာလများ ဖြစ်ပြီး အတော်ကြာကြာ ရင်ဆိုင်ခဲ့ရသည်ဟု မတင်ရတနာထွန်းက ပြန်ပြောင်းပြောသည်။
ယင်းကာလအတောအတွင်း ကျောင်းတူတက်ခဲ့သည့်သူငယ်ချင်းအတော်များများသည် ဂျာနယ်လစ်ဇင် အလုပ် မလုပ်ကိုင်ဘဲ ဆက်စပ်နေသည့် Public Relation အလုပ် လုပ်ကိုင်နေကြပြီး လုပ်ငန်းခွင် ကူးပြောင်းလာရန် ဖိတ်ခေါ်မှုများအား ကြံ့ကြံ့ခံခဲ့သည်။ ငွေကြေးလစာအားဖြင့် ဂျာနယ်လစ် တစ်ယောက်ထက် ပိုမိုများပြားဟန်ရှိသော အဆိုပါအလုပ်ကို ငြင်းပယ်ရင်း ကိုယ်မကြိုက်တဲ့ပစ္စည်းတစ်ခုကို ကြိုက်ပါတယ် ပြောရသည့်အလုပ် မလုပ်နိုင်ဟု ဆိုသည်။
ရည်မှန်းချက်၊ မိသားစု
မိသားစု ၄ ယောက်တွင် မောင်နှစ်မ နှစ်ယောက်အနက် အကြီးဆုံးဖြစ်ပြီး မောင်ဖြစ်သူက သူ့ထက် ၈ နှစ်ငယ်သည်။ ပရိဘောဂလုပ်ငန်း လုပ်ကိုင်သော မိဘများကတော့ ဘာပဲလုပ်ကိုင် လုပ်ကိုင် အားပေးသည်ဟု သူက ပြောသည်။ ဂျာနယ်လစ်တစ်ယောက်ဖြစ်မလာခဲ့လျှင်တော့ စီးပွားရေးသမားတစ်ယောက် ဖြစ်လာမည်ဟု မတင်ရတနာထွန်းက ပြောသည်။
Impact
တကယ့်လုပ်ငန်းခွင်မဝင်သေးခင်စပ်ကြား အလုပ်သင်အဖြစ် ဆင်းခဲ့ဖူးသော ဂျာနယ်တစ်စောင်တွင် သူရေးခဲ့ဖူးသောသတင်းကြောင့် Impact ဖြစ်ခဲ့သည်ဟု ထင်မြင်ယူဆမိကြောင်း ပြောသည်။ ဟာ့ဂ်ဘုရားဖူးခရီးတင်ဒါတွင် ဈေးကြီးမြင့်သော ခရီးသွားလုပ်ငန်းတစ်ခုမှ အမြဲတင်ဒါရနေသည့်အပေါ် စုံစမ်းရေးသားခဲ့သည်။ အဆိုပါသတင်းကြောင့် ကုမ္ပဏီမှ တစ်ဦးလျှင် ဒေါ်လာ ၂၀၀ လျှော့ပစ်လိုက်ကြောင်း သူက ပြောသည်။ အဆိုပါဖြစ်ရပ်သည် ဂျာနယ်လစ်တစ်ယောက်ဖြစ်လာရန် တွန်းအားပေးခဲ့သည်ဟု ဆိုသည်။
ရည်မှန်းချက်
မြန်မာတိုင်းမ်တွင် ၄ နှစ် လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် Youth Media Online မဂ္ဂဇင်းကို ကိုယ်ပိုင်လုပ်ကိုင်နေပြီး အနာဂတ်မှာ စတိုရီများအပြင် workshop များ၊ Networking ကိစ္စရပ်များပါ လုပ်ကိုင်ရန် ရည်ရွယ်ထားသည်ဟု မတင်ရတနာထွန်းက ပြောသွားသည်။

