Tuesday, March 22, 2016

ws 11



ယုံကြည်ထားတဲ့
အမှန်တရားတွေ ပြိုကွဲသွားတော့
လက်ထဲမှာ လေဟာနယ်ပဲ ကျန်ခဲ့တယ်...

ကိုယ်ဟာ သိပ်အထီးကျန်တယ်

ကိုယ်ဟာ
သိပ်အထီးကျန်တယ်...

 မေတ္တာကို
ကိုယ်ကလည်းမပေး
သူများပေးလည်း မယူနဲ့


နင့်တစ်ယောက်အပေါ်မှာပဲ ပုံထားမိတယ်
ဒါဟာ နင့်အတွက် ဝန်ပိစေတယ်ဆိုတာ...

ကိုယ် တစ်ယောက်တည်း ဆွေးတယ်



ဟိုးတွေး ဒီတွေးညတွေမှာ
ကိုယ် တစ်ယောက်တည်း ဆွေးတယ်
စီးကရက်တွေ ပြန်လိုအပ်လာပြီလား
(အိပ်မပျော်တဲ့ ညတွေကို ဖြတ်ဖို့)

ဦးညီထွဋ်ရဲ့ အပြာရောင်စီးကရက်အငွေ့များအလယ်ကို ညည်းရင်း
တစ်ချိန်က ဂျစ်ကန်ကန်ဟာ
ကိုယ်မှ ဟုတ်ရဲ့လားလို့
မင်းဘေးမှာနေရင်း
ပြောင်းလဲသွားခဲ့တာ...

ကိုယ်မရှိတဲ့နေရာမှာ
ကိုယ်မကြိုက်တာတွေ လုပ်နေမလားဆိုတာ
အခါခါ စိတ္တဇနဲ့
နမူနာဆိုတာ ရှိနေခဲ့တာကိုး
(မင်း ကိုယ်တိုင်က ချိုးဖောက်ခဲ့တာ)

သိပ်ချစ်ခဲ့လွန်းတော့လည်း
ပြတ်သားရဲရမှာပေါ့
အပျော်ဆိုတာ ခဏတာအချိန်လေးတွေပဲ
ကိုယ်ထားသွားခဲ့ရင်တော့
နေရဲအောင်နေလိုက်ပါ ဘေဘီ

စံပယ်အို

အလုပ်တွေ အလုပ်တွေနဲ့
သိပ်မပြောစမ်းပါနဲ့
(ဘာသာပြန်ဝတ္ထုထဲ
သမာရိုးကျဇာတ်လမ်းလိုလို)

 ဟောဒီကလူ ရင်ထဲ
လှမ်းကြည့်လိုက်စမ်းပါဦး
ဂရုစိုက်သူ မရှိလည်းဘဲ
စံပယ်တွေဝေနေတာ ကြာပေါ့

ခူးဆွတ်သူမရှိလည်းဘဲ
ရပ်စောင့်နေခဲ့တယ်
ပင်လုံးကျွတ် ပွင့်နေအောင်လည်း
ဝေခဲ့ပါတယ်ကွယ်

တစ်နေ့တော့ ဒီအပြန် ဒီလမ်းမှာ
မင်းကို စောင့်နေတယ်ဆိုတာ
သိကောင်းပါရဲ့
တဖြည်းဖြည်းနဲ့ ၂၉ ရောက်လာတဲ့
စံပယ်အိုက ကိုယ်ပဲပေါ့ကွယ်....

လွမ်းတယ်....ဘေဘီ


အတူရှိဖူးတဲ့အချိန်တွေကို လွမ်းလို့
လက်ကိုင်ဖုန်းထဲက
ပုံဟောင်းလေးတွေ ပြန်ကြည့်နေမိတယ်

အချစ်လို့......
တစ်ယောက်နဲ့တစ်ယောက်
အပြန်အလှန်ခေါ်ငင်ရင်းနဲ့
လူရင်းတွေဖြစ်ခဲ့တာ
နှစ်တွေကြာပေါ့

စတွေ့ချိန်ကတည်းကလည်း ချစ်တယ်
ခုထက်ထိလည်း ချစ်တယ်
ငါ့ကမ္ဘာကို နင်....ဆိုတဲ့
သက်ရှိတစ်ခုနဲ့ပဲ လည်ပတ်ရပ်တည်နေတယ်

လွမ်းတယ် အချစ်ကလေးရဲ့
ကိုယ်တို့နှစ်ယောက် ရန်ဖြစ်ချိန်ဆိုတာ
တစ်ယောက်ဘေးနား မရှိချိန်
တစ်ယောက် ကို အချိန်မပေးနိုင်တဲ့အခါတွေပဲ ရှိတယ်

ချုပ်ထိန်းမထားဘူး
ချုပ်ကိုင်မထားဘူး
နေ့ရက်တွေကို
ကြည်ကြည်နူးနူးနဲ့
အတူ ဖြတ်ကူးချင်တာလောက်ပါပဲ
လွမ်းနေတယ် ဘေဘီ ...

(အရာအားလုံးထက်) ငါ တန်ဖိုးထားပါတယ်


ချစ်ခြင်းတရားကို အခြေခံထားတဲ့
မိသားစုလေး
ကိုယ့်အသက် ၁၃ နှစ်လောက်မှာ
ကွဲအက်သွားကတည်းက

ကိုယ်ပေးလိုက်တိုင်း
ကိုယ်ပြန်ရယူလိုက်တိုင်း
အဆုံးသတ်ဟာ
မျက်ရည်တွေနဲ့ ဖြစ်ကတည်းက

ချစ်ခြင်းရဲ့အဝေးဆုံးမှာပဲ
ကိုယ်နေခဲ့တာ....
 နင်နဲ့လည်း စတွေ့ရော
နှလုံးသားဟာ ဖျတ်ခနဲ ကွဲကြေသွားရတယ်

ဒီအပြုံးနဲ့ ဒီအသံမှာ
စွဲလန်းပြီးကတည်းက
နေ့နေ့ညည ငါ့ဒုက္ခကို
ငါပဲ သိခဲ့လေရဲ့

အဲဒီအချိန်တုန်းက
ဘာမှ မပိုင်ဆိုင်လိုခဲ့ပါဘူး
ဒီအပြုံးလေးတွေ ကြာရှည်ဖို့ပဲ
ဆန္ဒရှိခဲ့တာပါ

လက်မကမ်းတဲ့ ငါ့အနားကိုလာဖို့
နင်ဘယ်လောက် ကျော်ဖြတ်ခဲ့ရမလဲဆိုတာ
ငါတွေးလို့ ရပါတယ်

ဒီနေ့ဒီချိန်မှာတော့
တွဲထားခဲ့တဲ့ နင့်လက်တစ်ဖက်ကို
(အရာအားလုံးထက်)
ငါ တန်ဖိုးထားပါတယ်

အငြိုး


လူတွေနဲ့ ဝေးရာမှာပဲ နေတယ်
သူတို့အတ္တတွေနဲ့ ပူလောင်လို့

ဘဝဆိုတာ ဒီနေ့ပြီးသွားတာမှ မဟုတ်ဘဲ
သံသရာတစ်ပတ်လည်ရင်
တကူးတကမဟုတ်တောင်မှ
သရော်ပြုံး ပြုံးနိုင်ဖို့
နားစွင့်ထားမယ်
 

အငြိုးဆိုတာ
 နှစ်ဘယ်လောက်ကြာကြာ
လတ်ဆတ်နေတတ်တာမျိုး မဟုတ်လား


ဘဝရဲ့ အရသာ



တစ်နေ့ပြီး တစ်နေ့ လျှောက်လှမ်းရ
ဘဝရဲ့ အရသာဆိုတာ
လူအဖြစ် လာဒုက္ခခံခြင်းမျိုးလားလို့

ရှိဒုက္ခ မရှိဒုက္ခတွေနဲ့
ဒေါသဖြစ်လိုက်
ပျော်ရွှင်ကြည်နူးလိုက်ရနဲ့
လူ အကြိမ်ကြိမ်ပီသခဲ့ရ

ဘဝဆိုတာ
တိုက်စားပါများလာတဲ့
ကျောက်တုံးတစ်တုံးလိုပဲ
ချစ်ခြင်းမုန်းခြင်းတွေကြား
လုံးပါး ပါးလာတယ်

အခုအရွယ်မှာ
လိုချင်တာတွေလည်း ရခဲ့ဖူးပြီ
မလိုချင်တာတွေလည်း
ခပ်ရဲရဲ လှီးထုတ်လိုက်နဲ့

ကိုယ့်တောင်ပံတွေ ကိုယ်ညှပ်ပြီး
တစ်စုံတစ်ယောက်နားမှာလည်း
နေခဲ့ပြီးပြီ
တစ်နေ့တော့တော့
လွင့်မျောလို့ ရမယ် ထင်ပါရဲ့

နေထိုင်ခြင်း



ကိုယ့်ရဲ့ ပန်းတိုင်ဟာ
ဘာမှ စိတ်မဝင်စားတော့ခြင်းလားလို့
 လူတွေကို အတွေးထဲကနေ
မောင်းထုတ်ပစ်လိုက်တယ်

ကျန်ရှိနေတဲ့ ဘဝသက်တမ်းတိုထဲမှာ
ကိုယ့်အတွေး အကြံ
အချိန်တွေ
သူတို့အတွက် မဖြစ်စေရလို့

ရွံလွန်းလို့
စိတ်ထဲနေ ဓါးနဲ့လှီးထုတ်ပစ်လိုက်သလိုမျိုး
အမာရွတ်တော့
နည်းနည်းပါးပါး ကျန်တာပေါ့

သည်းမခံနိုင်တာတွေက ကူးစက်ရောဂါလို

ပန်းနဲ့ ပေါက်တယ်ဆိုပေမယ့်
ကာလံဒေသံက
ရှိသေးတယ်မဟုတ်လား

 ပေးသလောက် ပြန်မရတာ
အခါတိုင်းလိုပဲ နာကျင်ခဲ့ရ
ကိုယ့်ဖာသာ ပျော်အောင် နေပါတယ်


အရင်လို ငိုတတ် ကြေကွဲတတ်ချင်သေးတယ်
နာကျင်နေပေမယ့်
ထုံထုံပေပေ ဖြစ် ဖြစ်လာတယ်

သည်းမခံနိုင်တာတွေက
ကူးစက်ရောဂါလို
တစ်နေ့တစ်ခြား
များ များလာတယ်....

ဝန်ထုပ်ဝန်ပိုးလိုပဲ
အရာအားလုံးကို သည်းမခံနိုင်တဲ့တစ်နေ့
ဖျတ်ခနဲ လွှတ်ချလိုက်ရင်
ကိုယ့်လိုပဲ ခံနိုင်ရည် ရှိကောင်းရဲ့

အတွေးတွေနဲ့ လုံးထွေးနေရတဲ့
ညတာတွေ
လွန်စေတော့ရဲ့လို့
တဇွတ်ထိုး အိပ်ချလိုက်ပေမယ့်
အိပ်မက်တွေထိ နေရာယူပြန်တယ်..

ws 10

စိတ်ဓါတ်တွေကျတယ်
လူ လူချင်း စည်းကမ်းမရှိတဲ့လူတွေကြောင့်

မင်းလက်ကိုပဲ မြဲမြဲဆုပ်ကိုင်ထားတာ
ကိုယ်ပိုင်ဘဝကို လွှတ်ချမိတဲ့အထိ

ကိုယ့်ခြေထောက်ကိုယ်ပေါ် ရပ်ချင်တဲ့စိတ်က
သွေးထဲကကို ပုန်ကန်တယ်

ဘဝဆိုတာ အေးအေးလူလူ ဖြတ်သန်းဖို့
သဘာဝတရားကို ခံစားဖို့
အခြေနေတွေ ပေးရက်သားနဲ့


ဒါတွေကို မခံစားတတ်တဲ့ လူတွေကြောင့်

ကိုယ်ပိုင်လွတ်လပ်မှုကို
မဆုတ်ဖြဲနိုင်လို့
လက်ရှိအလုပ်အကိုင်ကိုပဲ ဆုတ်ဖြဲပစ်လိုက်တယ်


တစ်နေ့နေ့တော့
မျှော်လင့်ချက် ဆိုတဲ့
ဆီမီးကော်လံ တက်တူးလေးကို
လက်ပေါ်တင်ခွင့်ရချင်ပါရဲ့

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...