Wednesday, July 29, 2015

အချစ်နဲ့ ဘဝ


 တစ်ချို့တွေက
ဘဝကို ဒီလူနဲ့ တွဲချုပ်ထားသလားလို့
(တော်တော်မတော်တော်
ဝတ်ထားရတာမျိုး)
ကိုယ်ကတော့ မင်းကို
စူပါမားကက်က ခြင်းထဲ
ကောက်ပစ်ထည့် ရွေးချယ်ခဲ့တာမဟုတ်

ဘဝနဲ့အချစ်က မတူဘူးဆိုတာ
လူတိုင်းသိပြီးသားပဲ
အဲဒီနှစ်ခု တစ်ထပ်တည်းကျဖို့
ခဲယဉ်းတယ်ဆိုတာလည်း မင်းသိပြီးသားပါပဲလေ

မင်းဘဝကို
ငါ့အချစ်နဲ့ လျှောက်လှမ်းမယ်ဆိုရင်
လိုလိုမယ်မယ်
(ဂုဏ်ဒြပ်ဘာဘာညာညာတွေလည်း)
ငါ အသင့်ဆောင်ထားပါတယ်

လက်ထပ်ဖို့ လူဖြစ်လာရတာတွေ မေ့လိုက်
မျှော်လင့်ချက်က မင်းလက်ထဲမှာ
ကျန်တဲ့ကာလတစ်လျှောက်လုံး
ငါတစ်ယောက်တည်းနဲ့ လုံလောက်ပြီလား

 နေဝင်ချိန်တွေရယ်
ကော်ဖီချိန်တွေရယ်နဲ့
မင်းရယ် ငါရယ် အတူရယ်မောမယ်ဆိုရင်
လာခဲ့ပေါ့....

နှစ်ယောက်တစ်ဘဝ





တစ်ခါတလေ နှစ်ယောက်တစ်ဘဝက
သောကတွေ ဟန်လုပ်ရတယ်
ဒေါသတွေ မျိုချရတယ်
အတ္တတွေ အမှိုက်ပုံးထဲ ပစ်ထည့်ရတယ်
တခါတရံ စိတ်ပျက်ခြင်းတွေကိုလည်း
ပိုက်ထားခိုင်းတတ်သေးတယ်....

Dear my Gemini~


















အရာရာ လိမ္မာနေတာ
အချစ်လို့ ခေါ်သလား
စိတ်ချမ်းသာတယ်ဆိုတာ
တစ်သက်လုံးဖြစ်ရင် ဘယ်လောက်ကောင်းမလဲ

 နေပျော်ပါတယ် ဘဝ
မင်းရယ် ကိုယ်ရယ် ပိုက်ဆံရယ် ရှိနေတာပဲ
ဒီလို ပြုံးနေနိုင်တယ်ဆိုတာ
လွယ်တာမှတ်လို့

ထွက်သွားပါ သောက
အရာရာ မရှိတော့ရင်တောင်
ရောင့်ရဲတင်းတိမ်ပြီး
မင်းနဲ့အတူပဲ နေချင်တယ်တယ်
ဆုတောင်းပြည့်ဖို့ ကြိုးစားနေတုန်း

ခင်ငြိမ်းချမ်း

Fake








 ငါပြုံးနေတာမြင်တိုင်း
ပျော်နေတယ်လို့
နင်ကိုယ်နင် မလိမ်စမ်းပါနဲ့

သွေးအေးသတ္တ၀ါ







ကိုယ်နဲ့အမြင်မတူရင်
ရန်သူလို့ ထင်တတ်ကြတဲ့ လောကကြီးမှာ
သွေးအေးအေးနဲ့ ပြုံးနေတတ်ဖို့
ဘယ်လောက်ထိရှထားခဲ့လဲဆိုတာ..

လက်ဖဝါးဆိုတာ
လက်ဖမိုး..မဟုတ်ဘူးလို့
တကယ်သိတဲ့ အချိန်ရောက်မှပဲ
အံ့သြတကြီး ဖြစ်နေပါစေလေ
တစ်ချို့အရာတွေက အချိန်ပေးရတယ်

ယုတ်မာတယ်လို့သာ နာမည်မခံချင်တာ
သူတပါးကို ဖရိုဖရဲလုပ်ပစ်နိုင်တာကို
သတ္တိလို့ မှတ်နေကြတဲ့ခေတ်မှာ
ဘယ်သူ့ဆန်ကိုစားပြီး ရဲရဦးမှာလဲ

အသာအယာပဲ နောက်တစ်လှမ်းဆုတ်ပြီး
အရှုံးကို ပစ်ပေးလိုက်တယ်
(ဘဝမှာ အဲဒီထက် ပျော်ရတာမျိုး မရှိတော့လောက်အောင်)
ဝမ်းမြောက်ဝမ်းသာ ရှိပါစေလေ

Freedom






တစ်နေ့
အမြင့်ကို ပျံမယ်ဆိုတာ
စတွေ့ကတည်းက ခံစားမိခဲ့

 ဘေးနားမှာ ရှိနေစေချင်ပေမယ့်
ဘဝတိုတိုထဲမှာပဲ
ခပ်မော့မော့နဲ့ ရင်ကော့ပျံသန်းစေချင်တယ်


အချစ်ဟာ ဘယ်ကစလဲ မသိဘူး
နင့်ကိုတော့
လွတ်လပ်စေချင်တယ်

Mask

ကိုယ့်နာမည် မျက်နှာဖုံးအောက်က
ယဉ်ကျေးတာတွေပဲ ထွက်ကျလာမယ်လို့ထင်အောင်
လုပ်ခဲ့မိလေသလား

တကယ်ဆို
အရိုင်းက အယဉ်
ဘယ်တော့မှ ဖြစ်လာမှာမဟုတ်


 ကဗျာတွေကိုပဲ အင်တာနက်ပေါ်မှာ
(နင့်နှလုံးသားထဲကိုပါ)
ကြဲချပစ်လိုက်တယ်
ဘယ်သူဖတ်ဖတ်မဖတ်ဖတ်
ကိုယ့်အတ္တနဲ့ ကိုယ်ပဲရေးချခဲ့တာ ...

ဘဝရဲ့မျှော်လင့်ချက်တွေနဲ့
နင့်ကိုလဲခဲ့ရတယ် ဆိုတဲ့
ဘာဘာညာညာတွေ လျှောက်မပြောချင်ဘူး
အားလုံးထက် (နင့်ကို) ပိုလိုအပ်ခဲ့လို့

လမ်းတွေကို လျှောက်တယ်
နင်ပါရင်တစ်မျိုး
နင်မပါရင်တစ်မျိုးနဲ့
ရန်ကုန်မြို့ လမ်းမတွေကို
ထပ် ထပ်လျှောက်နေခဲ့တယ်

ချစ်တယ်ဘေဘီ ဘာညာသာရကာတွေအပြင်
တီတီတာတာမဟုတ်တဲ့ရက်တွေလည်း
တို့နှစ်ယောက် ဖြတ်ခဲ့ဖူးတာပဲ

ညတွေက နင်မရှိရင်
ရှည်ရှည်လျားလျားနဲ့
အထီးကျန်တယ်ဆိုတာ
လူကို အသေသတ်လို့ ရတယ်လို့
ပြောနေသလိုမျိုး....

ပျင်းရိပျင်းတွဲနဲ့ ကော်ဖီတစ်ခွက်
ကောက်မော့လိုက်တယ်
ထုံးစံအတိုင်း ဖုန်းစခရင်မ်ပွတ်နဲ့
ဒီညလည်း
ကိုယ် လွမ်းပါတယ်....


တစ်ချို့နာကျင်မှုတွေ...





တစ်ချို့နာကျင်မှုတွေက
အချိန်ကြာပြီး အမာရွတ်ဖြစ်သွားရင်တောင်
အဲဒါကို ထိုးဆွပြီး
ပြန်နာကျင်အောင်လုပ်တာမျိုး
လိုအပ်တယ်

တစ်ချို့အတိတ်တွေဟာ
အမှတ်သည်းခြေရှိဖို့
လက်ရှိကာလအထိ ဆွဲခေါ်ယူရတယ်
မျက်နှာဖုံးကို
အထပ်ထပ်စွပ်ထားသူတွေ များတယ်လေ

အတိတ်က နာကျင်ဖို့တင် မကဘူး
ဆက်ပြီးသင်ယူဖို့လည်း
ပေးပါသေးတယ်

မိုးခါးရေ



















ခေတ်ပျက်ထဲက လူတွေ
ကိုယ်ဆုပ်ကိုင်ထားတာတိုင်း
အမှန်တရားလို့ထင်နေမှတော့
တိတ်တိတ်လေးပဲ ထွက်ခွာမယ်

တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ဆိုပေမယ့်
အမှားတရားကတော့ မရွေ့ရဘဲ
ရောက် ရောက် လာတယ်

 ကျောချင်းကပ် လူချင်းပူးပြီး
စိတ်ခွာပေါင်းတဲ့ လူတွေကို
ဒီနေ့ညနေတည်းက မှတ်ထားလိုက်ပြီ

ကရုဏာဆိုတာ တစ်ချို့အတွက်
ဆေးခါးကြီး ဖြစ်တယ်
ဆေးမှားလည်း ဖြစ်တယ်
ရေနစ်သူ ဝါးကူသလိုနဲ့ ထိုးချလိုက်တာလည်း ဖြစ်တယ်

 ခေတ်ကိုက ကိုယ့်ကိုကိုယ်ပဲ
သူတော်ကောင်းလို့ ထင်နေတဲ့ခေတ်
ဘာမှ မပြောလိုပေမယ့်
အရှုံးပေးခဲ့တာ မဟုတ်ဘူး

ရှုံ့ချည်နှပ်ချည်နဲ့ သားရေပင်လိုလူတွေ
တစ်စည်းတည်း ရှိနေတာ မဆန်းတော့
မိုးခါးရေ မသောက်မိတာလည်း ရှိစေတော့
တစ်နေ့ တစ်ချိန်
ကိုယ့်ထက်ဆိုးတာမျိုး
(ဘဝကို အဖတ်ဆယ်မရတော့တဲ့အထိ)
ဖြစ်ပါစေလို့ပဲ ....

Boring


ဘဝကို တာရာမင်းဝေဝတ္ထုထဲကလောက်ပဲ
ပေါ့ပါးချင်တာပါ..

လူမှုကွန်ရက်တွေ သုံးပြီး
ပေါ့ပါးရလွန်းတော့လည်း
တစ်နေ့ တစ်နေ့ ပျင်းစရာကောင်းတယ်...


အထင်နဲ့အမြင်






တကယ်တော့ (ကိုယ်က)
သူ့ရဲ့ အရွေးချယ်ခံသက်သက်ပါပဲ
ကိုယ့်စိတ်ကူးနဲ့ ကိုယ်
ရွက်လွှင့်နေတယ်လို့ ထင်ခဲ့မိတာ..

ဝေခွဲမရခြင်း
















ကိုယ်ငိုယိုညည်းတွားနေတာတောင်မှ
ဖုန်းကိုပိတ်ပြီး အိပ်ပစ်နိုင်တာ
ဘယ်နှစ်ခါလောက် လုပ်ပြီးပြီလဲ

အဲဒီအတွက်
ကိုယ် ဘယ်နှစ်ခါလောက်
အသည်းကွဲပြီးပြီလဲဆိုတာရော မင်းသိရဲ့လား

(ကိုယ့်လိုမိန်းမမျိုးက
အကြောင်းမရှိဘဲ မငိုတတ်တာ
သိသိရက်နဲ့)

အနာဂတ်တွေက
ဟိုးအဝေးမှာ မှုန်ပျပျနဲ့
ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းမှုလမ်းဆုံမှာ
ကိုယ်ရပ်နေရဲ့....

 ပျော်ရွှင်ခြင်းရဲ့ ကခုန်သံတွေ
လှမ်းမကြားရရင်တောင်မှ
ဝမ်းနည်းခြင်းရဲ့ ရှိုက်သံတွေက
တိုးတိတ်ရိုက်ခတ်နေတုန်း

မိုးပေါ်ကို ဝေခွဲမရ
မော့ကြည့်လိုက်တယ်
မိုးစက်တွေက မျက်ရည်တွေအပေါ်
တစ်စက်စက်ကျလို့

ကိုယ့်မျက်ရည်တွေ
လူတွေ ထပ်မမြင်ရအောင်
ဒီလောက်ကူညီတာပဲ
ကျေနပ်ပါပြီ လောကကြီးရယ်....

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...