Tuesday, October 28, 2014

TYMW:1

 


"တစ်ယောက်ကိုတစ်ယောက်ချစ်တာဟာ
ဘုရားစိုက်တဲ့ပန်းကလေးပွင့်လာတာပါ"
......(တာရာမင်းဝေ)

အချစ်ကြောင့် နေမကောင်းပြန်ဘူး


နင့်ဘေးနားမှာ နေဖို့
ငါ ဆင်းလာခဲ့တာတောင်မှ
နင်က ရပိုင်ခွင့်လို သတ်မှတ်တယ်
 

ကျေးဇူးတင် အသိအမှတ်ပြုခြင်းမခံရတဲ့ ဘဝ
အတူရှိတိုင်းလည်း
ပျော်စရာမကောင်းဘူးဆိုတာ သိပြီ
  

စကားတွေနဲ့ နာကျင်စေလိုက်
ခံနိုင်ရည်က ပြည့်ဝလွန်းနေတယ်
နာတာကို စိတ်မှာမှတ်လိုက်
ချစ်တာကို တစ်လှည့်သိလိုက်နဲ့

အပြုံးတွေပြီးရင်
ငိုရခြင်းတစ်လှည့် လာမယ်
ပြီးရင် ခဏတော့ စိတ်ချမ်းသာရမယ်

မှိန်တစ်လှည့် လင်းတစ်လှည့်နဲ့
အငိုမလွယ်လည်း အရှိုက်ခက်တယ်

ကျွန်မ နေမကောင်းဘူး
ဘဝက ဖျားလိုက်
နှလုံးသားက ဖျားလိုက်နဲ့
အချစ်ကြောင့်
ကျွန်မ နေမကောင်းပြန်ဘူး

ws:4



နေတတ်အောင် နေပါတယ်
...ဆေးဖြတ်သလို
ကတုန်ကယင်နဲ့ပေါ့လေ!!

ML:1


ဖူးစာဆိုတာကတော့
နီကိုရဲနဲ့
ဆွေမျိုးတော်တယ်ထင်ပါ့
ထင်တိုင်းလွဲ
မှန်းတိုင်းလွဲ
ချစ်တိုင်းလွဲ
လွဲချက်ကဖြင့် လွန်ပါရော



 (မင်းလူ - ကာရံမဲ့စကားပြေ-အလင်းတန်းဂျာနယ် ၂၀၀၀)

မင်းရယ် ငါရယ် အတူတူ လှောင်အိမ်လေးထဲမှာ...


ကိုယ်က သူ့ကို ချုပ်ကိုင်မထားပါဘူး
သူကသာ ထွက်ခွာမသွားသေးတာ
(ကိုယ်တော်လွန်းလို့တော့ ဟုတ်မယ်မထင်)

အချိန်တန်ရင်
ငှက်ကလေး ပျံသန်းနိုင်ပါစေတော့လို့ပဲ
ရည်ရွယ်ထားခဲ့တာ

ကိုယ်မပါတဲ့ အတောင်ပံတွေနဲ့
ပျံသန်းချင်တယ်ဆိုရင်လည်း
ကိုယ်က မြေမြင်ကနေ ရပ်ကြည့်နေရစ်ခဲ့မှာ

တစ်နေ့ ကိုယ့်ဆီ ပြန်နားလှည့်ဆိုတဲ့ အချစ်မျိုးနဲ့
မျှော်လင့်မထားခဲ့ဘူး
ရေလောင်းပေါင်းသင်ခဲ့သမျှ
အရိပ်ကြည့်နေချင်တဲ့ ကိုယ့်အတ္တအတွက်ရယ်ပါ


                                                     ခုထိတော့
                                           မင်းရယ် ငါရယ် အတူတူ
                                            လှောင်အိမ်လေးထဲမှာ...


ချစ်လွန်းလို့ လက်တစ်ဖက်ပဲ လှမ်းဆွဲထားတာပါ


ချစ်လွန်းလို့ လက်တစ်ဖက်ပဲ
လှမ်းဆွဲထားတာပါ
(ငါနားမှာနေဖို့)
နင့်ကို ကြိုးနဲ့ ပတ်ချည်ထားတာမဟုတ်

မရိုးသားမှုဆိုတာ
ရိုးသားချင်ယောင်ဆောင်ထားတဲ့ မျက်နှာပေးတွေဆီက
....လာတာပဲ

ဖောက်ပြန်လှည့်စားမှုဆိုတာကလည်း
အင်တာနက်ချက် အယောင်ဆောင်နိုင်တယ်
ခင်မင်မှု အယောင်ဆောင်နိုင်တယ်
ဖေ့ဘွတ်ခ် အယောင်ဆောင်နိုင်တယ်

တို့နှစ်ယောက်ကြားမှာ
ဘယ်လိုကြိုးမျိုးနဲ့ ချည်နှောင်ထားတယ်ဆိုတာ
သူတို့မှ မသိဘဲ

ခိုးသူက လူလိုဟစ်လို့
ငါ့အားနည်းချက်ကို နင်းလို့
မဏ္ဍပ်တိုင်လည်း တက်မပြတော့ပါဘူး

ဒါက ခွင့်လွှတ်သည်းခံတာ မဟုတ်ဘူး
ဒါဟာ အတ္တဖြစ်တယ် မာနဖြစ်တယ်
ဥပေက္ခာဖြစ်တယ်

ကိုယ့်အတွေးနဲ့ကိုယ်ပဲ
ရဲရင့်ပစ်လိုက်တယ် ထင်လည်း
ထင်ပါစေတော့...

ws:3


















တံခါးတစ်ချပ်ပိတ်သံကလည်း
တစ်ဘ၀လုံးစာအတွက် ဖြစ်သွားနိုင်သလို
ထားခဲ့လိုက် အမှတ်တရတွေ
(ဘယ်လောက်နှစ်တွေကြာကြာ)
မတည်ငြိမ်ရင် မျှောပါသွားတာပါပဲ

လာပါ ဘ၀အသစ်လို့
အရာအားလုံး လှီးထုတ်ပစ်လိုက်ရင်
ကိုယ့်ဘ၀ကရော
အကောင်းတိုင်း ကျန်ပါ့မလား


တစ်ခါတရံ
ဘာမှမမျှော်လင့်ဘဲ
ဘာမှ တွေးမနေတော့ဘဲ
အရာရာမေ့ပစ်လိုက်ဖို့
လွယ်လွယ်ကူကူဆုံးဖြတ်လိုက်တာက
ပို အဆင်ပြေတတ်တယ်လေ..

ws:2


ဘယ်အရာမှ အလကားမရဘူး
ဒီနေ့ ဒီအချိန် သုံးနိုင်စွဲနိုင် နေရာတစ်ခုနဲ့
နင့်ကိုပါ ဆုပ်ကိုင်ထားနိုင်တာက
ဘာမှ အလွယ်တကူရခဲ့တာ မဟုတ်ဘူး

ws:1














နာကျင်စရာများတဲ့ အတိတ်တွေကို
မေ့ပစ်လိုက်ပေမယ့်
သူတို့က စိတ္တဇအဖြစ်နဲ့
(အခါခါ ပြန်လာတယ်)


စိတ်ထဲကနေ...နှလုံးသားထဲကနေ
အမှန်တကယ်ခွင့်လွှတ်ဖို့က
အတော်ခက်ပါတယ်....


မေ့မပစ်နိုင်သေးသရွေ့တော့
ခွင့်လွှတ်ဖို့ကလည်း မသေချာသေးဘူး..

သွေးအေးပါတယ်


ကြင်နာတာတွေ
နာကျင်တာတွေ ထည့်ထည့်မပြောတော့ပါဘူး
ဒါတွေက ဟောင်းနွမ်းစုတ်ပြတ်နေပြီပဲ
(မလိုချင်လည်း ရှိစေတော့)

နေနိုင်သွားမှာစိုးလို့
မနေတတ်ခဲ့တာဟာ
(ကိုကိုယ်ကို) ကြိုးကွင်းစွပ်နေတယ်ဆိုတာ
သိခဲ့တာတောင် ကြာပေါ့

ခံစားတတ်ဖို့

ငါ သွေးအေးပါတယ်..

ပြုံးနေတယ် စင်ပေါ်မှာ













ပြုံးနေတာပဲ မြင်ရမယ်
လက်ခုပ်သံတွေ ကြားနေရတယ်
တီးတိုးတီးတိုးဝေဖန်သံတွေနဲ့..

ဟောဒီအကျီအောက်မှာ
ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
(တဆစ်ဆစ်နဲ့ ဒဏ်ရာ)
ပွဲပြီးမီးသေမှ ဆေးထသိပ်လိုက်မယ်

အဲဒီ စင်ပေါ်ထက်အပြုံးမျိုး
(ဘယ်လောက်လေ့ကျင့်ထားခဲ့လဲ
ဘယ်လောက်ကြာကြာပြုံးခဲ့ရလဲ)
ဘယ်သူမှ မသိဘူး

ဟုတ်ပါတယ်
ကျွန်မက စင်ပေါ်မှာပါ..။

အဲဒီ ၀ါဆိုလကို..


အဲဒီ ၀ါဆိုလကို
ဘယ်ဖက်လက်နဲ့ လှမ်းဆွဲထားမိလိုက်ကတည်းက
(ဘ၀ဟာ)
သွန်လိုသွန် မှောက်လိုမှောက်
သောက်လိုက သောက်နဲ့

အခါခါကြေကွဲလိုက်ရ
အရာရာ ပြုံးနေလိုက်ရနဲ့
ဘ၀ဟာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့

ဆုပ်ထားတဲ့ လက်ကိုတော့
ဖြည်မချခဲ့မိဘူး..


ဆောင်းအိပ်မက်က ဂယောက်ဂယက်တဲ့













ကျိုက်ထီးရိုးကတိ
ပုဂံကတိတွေလည်း သွားရှာပေါ့
(အများပြောသလို )
ဟက်ပီးနယူးရီးယားလောက်တော့ ပြောရမှာပဲ

အမှန်က နာကျင်စရာတွေနဲ့လ
အမာရွတ်တွေရဲ့ ကာလ...
နှစ်ပတ်လည်ပြီဆိုတာကို
အားလုံးက ၀ိုင်းသတိပေးလိုက်သလို..

ပေါ့ပေါ့ပါးပါးနဲ့တော့ ရယ်လိုက်တာပဲ
သေချာကြည့်ရင်တော့
ဌာန်ကရိုဏ်းမကျဘူးဆိုတာ တွေ့လိမ့်မယ်

စက်ရုပ်ဆန်တာလား
မဟုတ်ဘူး
လူသားမဆန်ခဲ့တာ ကြာနေလို့..

ဝေနေတဲ့ နှင်းတွေကို ကြည့်လိုက်မယ်
အနွေးထည်ကို တင်းတင်းစေ့ရင်း
နင့်လက်ကိုတွဲလို့ ရဲရဲဝင့်ဝင့် လျှောက်ခဲ့မယ်
လူတွေပြောတာကတော့
ဆောင်းအိပ်မက်က ဂယောက်ဂယက်တဲ့

စုဆောင်းထားတဲ့ အိပ်မက်ကလေး
ပြန့်ကျဲသွားတယ်..
ရှိပါစေတော့
ပြန် ပြန်ကောက်ရတာ အထူးအဆန်းမဟုတ်တော့
(ကိုယ်ကမှ စွန့်မပစ်နိုင်သေးတာ)

စားလည်း ဒီစိတ်
အိပ်လည်း ဒီစိတ်နဲ့
နင့်ကိုပဲ တရားမှတ်နေမိတယ်...

နေလို့မကောင်းဘူး
အအေးမိနေတယ်...
နင်မရှိမှ ရာသီဥတုက ပိုအေးနေသလိုလိုနဲ့
 

 ဆောင်းအိပ်မက်တွေ ဆက်မက်ဖို့
ဒီတစ်ညလည်း
ကြိုးစားအိပ်လိုက်ရဦးမယ်....

အမှတ်တရ

ဟိုးအရင်တုန်းက....
လမ်းပေါ်အတူထွက်ခဲ့တဲ့ညတွေ...
အတူတူရယ်မောခဲ့တဲ့ညတွေ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း
ထိုင်ခဲ့ရတဲ့ ကော်ဖီဆိုင်တွေ
ခွဲခွာရမယ်ဆိုရင်တောင်
တို့နှစ်ယောက်မှာ
အမှတ်တရတွေ သိပ်များတာပဲ...


တစ်နေ့ပေါ့ မင်းကို မျက်စိစုံမှိတ်ပြီး မေ့မယ်....


ကိုယ့်ဘဝကိုယ်တွေးပြီး
ဝမ်းနည်းမိယုံ သက်သက်ပါပဲ...

ဒီဆူးလှည်းပေါ် ခုန်ချမိကတည်းက
ဟိုငြိလိုက် ဒီငြိလိုက်နဲ့
(တစ်နေ့ တစ်လံလို)
ရောက်မယ့်နေ့ကတော့
ဝေးပါသေးတယ်.....

ခြိမ်းခြောက်ခံရတဲ့ နေ့ရက်တွေ
မလိုချင်တော့ဘူး
ကိုယ်ပိုင်အလင်းရောင်လောက်နဲ့ပဲ
တောက်ပချင်တာပါ

 









 ကော်ဖီတစ်ခွက်ရယ်
စာအုပ်တွေရယ်ရှိမှတော့
တစ်နေ့ပေါ့
မင်းကို မျက်စိစုံမှိတ်ပြီး မေ့မယ်....

အရောင်လွင့်သွားတဲ့...မျှော်လင့်ချက်ခပ်နွမ်းနွမ်းတွေ

အရောင်လွင့်သွားတဲ့...မျှော်လင့်ချက်ခပ်နွမ်းနွမ်းတွေ

ငါ လိုချင်တာ ဂရုစိုက်မှုပါ
နင့်ဆီက ဆင်ခြေတွေပဲ...
အမြဲထွက်ကျလာတတ်ရဲ့.....
ဒါနဲ့များ အက္ခရာရေသလို
အစကနေ ပြန်စချင်သေးတယ်

အမှတ်မရှိပေမယ့်
အထပ်ထပ် ခံရတာများလာတော့
နှလုံးသားက
(ဘာပြောပြော မယုံဘူးဆိုတဲ့အထာနဲ့)
ထုံကျင်လာတယ်

အနေနီးလည်း တို့နှစ်ယောက်က
(တစ်ယောက်အားနည်းချက်
တစ်ယောက်မမြင်နဲ့)
ကျောချင်းကပ်ထားမိတာကိုး

လိုက်လေဝေးလေနဲ့
ဒီတစ်မိုးအောက်မှာပဲ
(စိတ်ရော လူရော)ထပ်ဝေးရပြန်တယ်....

တစ်မိုးတစ်ဆောင်းနဲ့ ရာသီတွေပြောင်းလာတိုင်း
အရောင်လွင့် လွင့်သွားတဲ့ မျှော်လင့်ချက်တွေနဲ့
ခပ်နွမ်းနွမ်းပဲ ပြုံးလိုက်တယ်

အမှတ်မရှိတဲ့ ရာဇဝတ်သားလို
မျှော်လင့်ချက်အနွမ်းအပဲ့တွေနဲ့
(ရင်ဘတ်ထဲက သွေးစက်တွေ ထွက်ကျလောက်တဲ့အထိ..)
ငါ ဆက်မိုက်နေတုန်းပါပဲ

ခင်ငြိမ်းချမ်း

နေမကောင်းဘူး..

နေမကောင်းဘူး..
အထီးကျန်တယ်ဆိုတာလည်း
ရောဂါတစ်မျိုးပဲ

ကျန်ရစ်ခဲ့မယ့် အခြေအနေကို
ထည့်မတွေးတော့ဘူးဆိုကတည်းက
အနေအထားကို သိသင့်ပြီ

ကိုယ်ဟာ သိပ်ကောင်းတဲ့လူမဟုတ်ဘူးလို့ 

ပြောကတည်းက
အသင့်ပြင်ထားလိုက်ရတော့မှာလား

ငါ့ထက်ပိုချစ်မယ့်သူ ရှာတွေ့ရင်လည်း 

ပစ်ချသွားလိုက်
ဘဝဟာ ခဏတော့ ချိုရင်ချိုမှာပေါ့လေ

ခုတော့ ညတွေ ညတွေမှာ..
ရှိုက်ကြီးတငင်ငိုချရင်း
အိပ်ပျော်ဖို့ပဲ ကြိုးစားမိနေတယ်

မငိုဖြစ်ရင်တော့ ညတွေကိုပဲ
အဝါရောင်အရည်ထဲ 

ထည့်သောက်ပစ်လိုက်တယ်

မူးလို့ပဲ မေ့မေ့
မေ့ချင်လို့ မူးမူး..
နောက်တစ်နေ့တွေရောက်ဖို့ လိုရင်းပါပဲ..

ကိုယ်က ကျန်ရစ်ခဲ့သူ
ချန်ထားရက်နိုင်တာကိုပဲ
မေ့ချင်ယောင်ဆောင်ပြီး
(ဘာမှမဖြစ်သလို) နေ့တိုင်း ဖုန်းပြောနေခဲ့တာ

ဘဝက မနက်ဖြန်မှာ ရပ်မယ်ဆိုရင်
နှုတ်ဆက်ဖို့တောင် မီမယ်မထင်ဘူး
ခုတော့ ရေလိုက်ငါးလိုက် အွန်လိုင်းပေါ်တက်လိုက်နဲ့
ကြိုးစားပြီး ငါမေ့ပါတယ်....

ဝမ်းနည်းမှု




နင်ပေးတဲ့ လုံခြုံမှုဆိုတာက
ပိုက်ဆံရှိရင်
ငါတောင် ပေးဝယ်လို့ရတယ်

နွားပလာတာကျွေးသလို
ကျွဲနား စောင်းတီးပြရုံလောက်နဲ့
မေတ္တာတရားကို တန်ဖိုးထားတတ်လာမယ်
မထင်ဘူး

မေတ္တာမရခဲ့လို့
မေတ္တာပေးကာမှ
ခပ်လာတဲ့ ရေတစ်ခွက်လုံး
မှောက်ပစ်ခံခဲ့ရ

ဘယ်လိုကန္တာရမျိုးက
ငါကြိုးစားလာခဲ့ရတယ်ဆိုတာ
မမေးခဲ့လို့ ထုတ်မပြောဖြစ်ခဲ့ဘူး

(ငါ့ဘေး နင်မရှိရင်တောင်မှ)
ကြယ်တွေကိုမော့ကြည့်မယ်
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းမယ်
တစ်ဘဝလုံးစာနဲ့
တန်တယ်ထင်ရင်တော့ လိုက်ခဲ့ပေါ့

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား

ဂျာနယ်လစ်တစ်ယောက် ဖြစ်ရတာ လွယ်ကူရဲ့လား " ဂျာနယ်လစ်တစ်ယောက်ဖြစ်ဖို့ သူ့အတွက် လွယ်ကူပေမယ့် ဂျာနယ်လစ်ကောင်းတစ်ယောက်ဖြစ်ဖို့ရင်ဆိုင်...