ခေတ်ပျက်ထဲက လူတွေ
ကိုယ်ဆုပ်ကိုင်ထားတာတိုင်း
အမှန်တရားလို့ထင်နေမှတော့
တိတ်တိတ်လေးပဲ ထွက်ခွာမယ်
တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့ဆိုပေမယ့်
အမှားတရားကတော့ မရွေ့ရဘဲ
ရောက် ရောက် လာတယ်
ကျောချင်းကပ် လူချင်းပူးပြီး
စိတ်ခွာပေါင်းတဲ့ လူတွေကို
ဒီနေ့ညနေတည်းက မှတ်ထားလိုက်ပြီ
ကရုဏာဆိုတာ တစ်ချို့အတွက်
ဆေးခါးကြီး ဖြစ်တယ်
ဆေးမှားလည်း ဖြစ်တယ်
ရေနစ်သူ ဝါးကူသလိုနဲ့ ထိုးချလိုက်တာလည်း ဖြစ်တယ်
ခေတ်ကိုက ကိုယ့်ကိုကိုယ်ပဲ
သူတော်ကောင်းလို့ ထင်နေတဲ့ခေတ်
ဘာမှ မပြောလိုပေမယ့်
အရှုံးပေးခဲ့တာ မဟုတ်ဘူး
ရှုံ့ချည်နှပ်ချည်နဲ့ သားရေပင်လိုလူတွေ
တစ်စည်းတည်း ရှိနေတာ မဆန်းတော့
မိုးခါးရေ မသောက်မိတာလည်း ရှိစေတော့
တစ်နေ့ တစ်ချိန်
ကိုယ့်ထက်ဆိုးတာမျိုး
(ဘဝကို အဖတ်ဆယ်မရတော့တဲ့အထိ)
ဖြစ်ပါစေလို့ပဲ ....

No comments:
Post a Comment